Labels

Showing posts with label အတွေး. Show all posts
Showing posts with label အတွေး. Show all posts

Sunday, May 22, 2011

အမြစ် . . .

(one for all, all for one တစ်ယောက်သည် အာလုံးအတွက်၊ အားလုံးသည် တစ်ယောက်တွက်) ဆိုတဲ့စကားကို ရဟန်းဖြစ်ကျောင်းသားအရွယ်က ကျောင်းအုပ်ဘုန်းတော်ကြီးရဲ့ ဆုံးစကားထဲမှာ ကြားခဲ့ဖူးပါတယ်။ အဲဒီစာကြောင်းလေးကို နှစ်သက်ခဲ့ပြီး မကြာခဏလည်း ရေရွတ်ခဲ့ဖူးပါတယ်။ အဲဒီစာကြောင်းက စိတ်ထဲမှာ ခိုင်မာတဲ့ လုံခြုံမှုတစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။ ပိုပြီးအားရစေခဲ့တာက ငါ့ဖက်မှာ တစ်ကျောင်းလုံးရှိတယ် ဆိုတဲ့အတွေးပါ။ ကိုယ့်ဖက်ကလည်း ငါ့ကျောင်းအတွက် ငါကျိုးစားအားထုတ်ရမယ် ဆိုတဲ့ခံယူချက် မြဲမြံခဲ့ပါတယ်။ ကျောင်းအတွက် စွန့်လွှတ်ချင်စိတ်တွေ၊ စွန့်စားချင်စိတ်တွေနဲ့ အနစ်နာခံချင်စိတ်တွေဖြစ်တည်နေခဲ့ပါတယ်။

နာဇရက် ကျောင်းသား ဖြစ်ရတယ်ဆိုတဲ့ ဂုဏ်ယူစိတ်က ဘာနဲ့မှ လဲလို့မရနိုင်တဲ့ခဲ့တဲ့ စိတ်ဓါတ်တစ်ခုပါ။ ခြောက်တန်းကျောင်းသားဝနဲ့ အနီးစခန်းကျောင်းမှာ စတက်တော့ ကျောင်းသားကြီးတွေက အတန်းထဲမှာ ပထမ ရအောင်ကြိုးစားရမယ်လို့ ပြောပါတယ်။ ဘာကြောင့်လဲဆိုတာ သေချာနားမလည်ခဲ့ပေမဲ့ နာဇရက်ကျောင်းသား ဆိုရင် အတန်းထဲမှာ ပထမ ရ ရမယ်လို့သိလာခဲ့ပါတယ်။ သိတဲ့အတိုင်းကြိုးစားခဲ့တယ်၊ ကြိုးစားခဲ့တဲ့အတိုင်းလည်း ရခဲ့ပါတယ်။ ပညာရည်မှတ်တမ်းရပြီဆိုရင် ဂုဏ်ယူဝင့်ကြွားစွာနဲ့ အတန်းဖေါ်တွေရှေ့မှာ နာဇရက်ကျောင်းသား အချင်းချင်း အရှေ့မှာ ဂုဏ်ယူကြည်နူးခဲ့ရပါတယ်။ ဒီပုံစံအတိုင်း တစ်တန်းပြီးတစ်တန်းကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် ရောက်တဲ့အခါ လူငယ်တို့ သဘာဝ ကြုံတွေ့ရတဲ့ လေထန်လှိုင်းကြမ်းတဲ့ လူသားသဘာဝ အတွေ့အကြုံများစွာကို ဘေးမသီရန်မခ ကျော်လွှားနိုင်ခဲ့ပါတယ်။ နာဇရက်ကျောင်းသား တစ်ယောက်အနေနဲ့ ပြုမူကျင့်ကြံနေထိုင်ရမယ့် ကျင့်ဝတ်တွေကြားမှာ လူငယ်တွေကို ဖျက်စီးနိုင်တဲ့ အနှောင့်အယှက်များစွာကို ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါတွေကို ရေးပြတာ ကိုယ်ရည်သွေးတာ မဟုတ်ပါဘူး။ လူတစ်ယောက်အတွက် သူရှင်သန်နေထိုင်တဲ့ အဖွဲ့ အစည်း တစ်ခုဟာ အလွန်အရေးပါတယ်ဆိုတာ ပြောပြချင်တာပါ။ ကလေးငယ်တစ်ယောက် ဘယ်လို လူလားမြောက်လာမလဲဆိုတာ မိသားစုက သတ်မှတ်ပေးတာပါ။ သူဘယ်လိုပြုမူနေထိုင်ကျင့်ကြံရမလဲဆိုတာကို မိသားစုက သင်ကြားပေးတာပါ။ ဘုရားရှိခိုးတတ်ဖို့၊ ယဉ်ကျေးသိမ်မွေ့စွာပြောဆိုနေထိုင်တတ်ဖို့၊ ပိုပြီး အရေးပါတဲ့ အဆိုးအကောင်းခွဲခြားတတ်ဖို့ မိသားစုက သင်ကြားပုံသွင်းပေးတာဖြစ်ပါတယ်။

အရွယ်ရောက်လာတဲ့ လူငယ်တစ်ယောက်အတွက်တော့ သူ့အသိုင်းအ၀ိုင်း၊ သူ့မိသားစုထက် အဆများစွာ ပိုမို ကျယ်ပြန့်သွားပါပြီ။ စာသင်ကျောင်းမှာ အတန်းဖေါ်တွေရှိလာသလို၊ သူနဲ့ပေါင်းသင်းတဲ့ သူငယ်ချင်းတွေလည်း ရှိလာပါတယ်။ သူဘယ်လိုပြုမူနေထိုင်ကျင့်ကြံမလဲဆိုတာ သူဘယ်လိုလူတွေနဲ့ ပေါင်းသင်းနေထိုင်သလဲ၊ သူပါဝင် ပတ်သက်နေတဲ့ အဖွဲ့အစည်းက ဘယ်လိုလူတွေလဲ၊ ဘာတွေကို တန်ဘိုးထားသလဲ စတဲ့ အချက်တွေဟာ အရေးပါ လာပါတယ်။ စာကြိုးစားတဲ့ သူတွေနဲ့ အပေါင်းအသင်းလုပ်မိသူဟာ စာထဲမှာစိတ်ဝင်စားမှုနည်းပေမဲ့ အပေါင်းအသင်းတွေကြောင့် စာကျက်ဖြစ်မယ်၊ စာထဲမှာစိတ်ဝင်စားလာပါလိမ့်မယ်။ စာတော်ပေမဲ့ ပေါင်းသင်းမိတဲ့ အဖွဲ့က ကျောင်းပြေးတတ်တယ်၊ အိမ်စာမလုပ်ဘူး၊ စာမကျက်ဘူးဆိုရင် သူ့မှာရှိတဲ့ အရည်အချင်းတွေပျောက်ပြီး စာကိုဂရုမစိုက်တဲ့ အဖွဲ့အတိုင်း လိုက်ပြုလုပ်မိဖို့ များပါတယ်။ ကိုယ်ကျင့်တရားဆိုင်ရာ တွေမှာလည်း ဒီအတိုင်းပါပဲ။ (မုဆိုးနားနီး မုဆိုး၊ တံငါနားနီးတံငါ) ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ လူသားအချင်းချင်း အဆင့်အတန်းခွဲခြားတာ မဟုတ်ပေမဲ့ လူငယ်တစ်ယောက်ဟာ သူဘယ်လိုလူတွေနဲ့ အပေါင်းအသင်းလုပ်သလဲဆိုတာ အထူးဂရုစိုက် ရပါလိမ့်မယ်။

လူတစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုထဲကို ၀င်မိတာနဲ့ တစ်ယောက်သည် အများအတွက်၊ အများသည် တစ်ယောက်အတွက် ဆိုတဲ့ အချက်ကတော့ ရှိနေမှာပါ။ ကိုယ်ပါဝင်မိတဲ့ အဖွဲ့အတွက် ကိုယ့်ဖက်က ပေးဆပ်ရတာတွေ ရှိသလို အဖွဲ့ကည်း ကိုယ့်ကို အများကြီးပြန်ပံ့ပိုးပေးပါတယ်။ ကိုယ့်ဖက်က အဖွဲ့ရဲ့ သတ်မှတ်ချက်တွေအတိုင်း ရှင်သန်နေထိုင်ရမယ်၊ အဖွဲ့ကလည်းကိုယ့်ရဲ့ ရသင့်ရထိုက်တာတွေ ပေးမှာပါ။ ကိုယ့်ဖက်က အဖွဲ့ကိုလည်း ဂရုမစိုက်၊ အဖွဲ့ရဲ့သတ်မှတ်ချက်တွေကိုလည်း ဖေါက်ဖျက်တယ်ဆိုရင် ကိုယ်ကိုယ်တိုင် အဖွဲ့ကနေ ဖယ်ထွက်သွားသလိုဖြစ်မယ်။ အဖွဲ့ရဲ့ သတ်မှတ်ချက်တွေအတိုင်း ရှင်သန်နေထိုင် ပြုမူကျင့်ကြံခြင်းက ကိုယ့်ကို လုံခြုံမှုပေးသလို ဘ၀အတွက် လိုအပ်တဲ့ အောင်မြင်မှုတွေကို ပေးမှာပါ။ အားလုံးထက်အရေးကြီးဆုံးအချက်က သင်ဘယ်လိုအဖွဲ့မှာ ပါဝင်နေမိပါသလဲ။ သင်ပါဝင်မိနေတဲ့ အဖွဲ့က သင်ဆိုတဲ့ လူတစ်ယောက်ကို ဖန်တီးပေးပါလိမ့်မယ်။

လူတစ်ယောက်အဖြစ်နဲ့ ကိုယ်ကျင့်တရားတွေ၊ ခံယူချက်တွေခိုင်မာစွာ ရှင်သန်ပြီး လူတစ်ယောက်အဖြစ် ပီပြင်စွာ နေထိုင်ရှင်သန်နိုင်ဖို့ သင့်နောက်မှာ ခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခုတော့ မဖြစ်မနေလိုအပ်ပါတယ်။ အဲဒါကို တွေ့အောင်ရှာရမယ်။ လူဆိုတာ တစ်ယောက်စီ မနေနိုင်တဲ့ သတ္တ၀ါတွေပဲလို့ ဆိုစမှတ်ရှိတယ်မဟုတ်လား။ အဖွဲ့တစ်ခုမှာ ပါဝင်မိပြီဆိုရင်လည်း အဲဒီအဖွဲ့အတွက် အစွမ်းကုန်ပေးဆပ်ပါ၊ သင်အမှန်တကယ် ပီပြင်စွာ ရှင်သန်နေထိုင်တဲ့ လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ (မင်းသားလေး) ဆိုတဲ့စာအုပ်က စာတစ်ပိုဒ်ကို စဉ်းစားကြည့်ပါ . . .

မင်းသားလေးက သဲကန္တာရထဲမှာ လမ်းလျှောက်ရင်း မြက်ပင်လေးတွေတွေ့တာနဲ့ မေးကြည့်လိုက်တယ်။

`မနေ့က ဒီနားမှာ လူ ၂ ယောက် ၃ ယောက်လောက်တွေ့မိလိုက်သလိုပဲ အခုသူတို့ကို မတွေ့တော့ပါလား။ ဘယ်ရောက်သွားကြပြီလဲ။`

`လူတွေက အရမ်းသနားဖို့ကောင်းတယ်ကွ။ သူတို့မှာ ငါတို့လို အမြစ်မရှိတော့ လေတိုက်တိုင်း လွင့်သွားကြတာပဲ။ မနေ့က မင်းတွေ့ခဲ့တဲ့သူတွေ အခုဘယ်ရောက်သွားမှန်းမသိတော့ဘူး။`

သင့်မှာအမြစ်တွယ်စရာ ခိုင်မာတဲ့ အဖွဲ့တစ်ဖွဲ့မရှိရင် မြက်ပင်လေးလောက် သင့်ဘ၀ခိုင်မာမှုရှိနိုင်ပါ့မလား . . .

Wednesday, June 2, 2010

မွန်းကျပ်

ငါတစ်ယောက်တည်းပါ
မှောင်သောညတွေထဲမှာ
အခန်းကျဉ်လေးထဲမှာ
တိတ်ဆိတ်ခြင်းရဲ့ဆူညံသံများစွာနဲ့
သွေးပျက်ချင်စရာတွေနဲ့ ပတ်ချာလုံးထွေး

အဖြေမရှိတဲ့ မေးခွန်းတွေများစွာနဲ့
ဘ၀ရဲ့
ပဟေဠိတွေ၊ အကောက်အကွေ့
မာယာနေ့ညတွေ
ဘာတွေ ဘာတွေလဲ . . . . .
.................................
.................................
.................................
ဟူး . . . . . . .
ရင်မောလိုက်တာနော် .......။

Tuesday, May 4, 2010

နားထောင် ... နားထောင် ... နားထောင်

နားထောင် … နားထောင် … နားထောင်

ပထမလူ ။ ။ ဟေး သူငယ်ချင်း ငါးးမျှားသွားမလို့လား ။
ဒုတိယလူ ။ ။ မဟုတ်ဘူး ငါးမျှားသွားမလို့ ။
ပထမလူ ။ ။ သြော် … အေး၊ အေး။ မသိပါဘူးကွာ၊ မင်းက ငါးမျှားတံကြီးနဲ့ဆိုတော့
ငါးမျှားသွားမယ်လို့ ထင်နေတာ။
နားမကြားသူနှစ်ယောက် အပြန်အလှန် ပြောခဲ့ကြတာပါ။

မိသားစု၊ လူအဖွဲ့အစည်း တစ်နည်းအားဖြင့် လူ့အသိုင်းအ၀ိုင်းတွင် ကြုံတွေ့နေရသော လူမှု ဆက်ဆံရေး ပြဿနာတွေရဲ့ ဇစ်မြစ်ကိုရှာဖွေမည်ဆိုလျှင် တစ်ဦးကိုတစ်ဦး အပြန်အလှန် နားမထောင်ခြင်း ဖြစ်ပါလိမ့်မယ်။ နားမကြားသူ နှစ်ဦး အပြန်အလှန်စကား ပြောသလို ဖြစ်တဲ့ အခါ တစ်ဦးကိုတစ်ဦးနားမလည်နိုင်၊ နားလည်မှုတွေ လွဲမှားကာ မဖြစ်သင့်သော ပြဿနာများ ဖြစ်ရသည်။ မိသားစုဝင်များ စိတ်ဝမ်းကွဲကြသည်၊ လင်မယားချင်း ကွာရှင်း ပြတ်စဲကြသည်၊ သူငယ်ချင်းများ ရန်သူဖြစ်လာသည်၊ ချစ်သူများ မုန်းသူဖြစ်သွားသည်၊ လုပ်ဖေါ်ကိုင်ဖက်များ သဘော ထားကွဲကာ လုပ်ငန်းပျက်သည်၊ အဖွဲ့အစည်းတို့ ပြိုကွဲ ပျက်စီးကြရသည်။

ဆက်သွယ်ရေးသီအိုရီ
ကျွန်တော်တို့ရဲ့ ခံစားချက်တွေ၊ လိုအပ်ချက်တွေ၊ အတွေးအခေါ်အယူအဆတွေကို ရှင်းလင်းစွာ ထိမိစွာ ပြောပြတတ် ခြင်းဟာ ဆက်သွယ်ရေးရဲ့ တစ်ခြမ်းပဲဖြစ်ပါတယ်။ နောက်တစ်ခြမ်းက တစ်ပါးသူပြောတာကို နားထောင်ပြီး နားလည်ခြင်းဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ဟာ တစ်ခုခုလိုချင်တယ်၊ မအီမသာခံစားနေရတယ်၊ တစ်စုံတစ်ရာနဲ့ ပတ်သက်ပြီး ခံစားမိတာ တွေးမိတာ ရှိပါလိမ့်မယ်။ အဲဒီအကြောင်းတွေကို ပြောပြတော့မယ်ဆိုရင် ကြားရတဲ့သူ နားလည်နိုင်မယ်လို့ ထင်တဲ့ စကားလုံးတွေ၊ နည်းလမ်းတွေရှာဖွေရွေးချယ်ပြီး ဆက်သွယ်ပါလိမ့်မယ်။ နှုတ်ကနေ ပြောတာ ရှိသလို အမူအရာနဲ့ ပြောတာတွေလည်းရှိတတ်ပါတယ်။ နောက်တစ်ယောက်က အဲဒီလိုဆက်သွယ် လာတဲ့ သတင်းစကားကို လက်ခံပြီး အနက်ဖွင့်ယူတယ်၊ နားလည်အောင်လုပ်ပါတယ်။ ပြောချင်တဲ့သူရဲ့ သတင်းစကားနဲ့ လက်ခံသူရဲ့ နားလည်မှု အတူတူဖြစ်တယ်ဆိုရင် လူနှစ်ယောက်ကြားမှာ ထိရောက်တဲ့ ဆက်သွယ်ရေး ဖြစ်လာပါတယ်။

ပြောသူရဲ့အခက်အခဲများ
- ပြောတဲ့အသံကို ရှင်းရှင်းမကြားနိုင်အောင်တိုးလွန်းခြင်း။
- မလိုအပ်သော အသေးစိတ်များထည့်ပြောခြင်း၊ တစ်ပြိုင်တည်း အကြောင်းအရာများစွာပြောခြင်းဖြင့် သတင်းစကားက ရှုတ်ထွေးနေခြင်း၊
- မိမိပြောလိုသော အကြောင်းကို မေ့ကာ အခြားအရာများအကြောင်းပြောခြင်း။
- နှုတ်ကပြောသော စကားနှင့် ခန္ဓာကိုယ်၏ အပြုအမူမညီခြင်း (စိတ်ဆိုးနေပါလျှက်ပြုံးနေခြင်း)။
- နားထောင်တဲ့သူ ဘာထင်မလဲ၊ ဘယ်လိုတုန့်ပြန်မလဲဆိုတာ အာရုံရောက်နေခြင်း။

နားထောင်သူရဲ့ အခက်အခဲများ
- ပြောသည်ကို နားမထောင်ဘဲ အခြားအရာများနှင့် စိတ်ရှုတ်ထွေးနေခြင်း။
- ကိုယ်ပြန်ပြောချင်တာကို စဉ်းစားနေပြီး ပြောနိုင်ဖို့ အခွင့်အရေးသာ စောင့်နေပြီးနားထောင်ခြင်း။
- ပြောနေသူကို တုန့်ပြန်ချေပပြောဖို့ စကားလုံးစီကာ ကိုယ့်စိတ်ကူးနဲ့ ကိုယ်သာ အလုပ်များနေခြင်း။
- ပြောနေတဲ့သူ နဲ့ ပြောနေတဲ့စကားရဲ့ အမှန်အမှားကိုသာ စဉ်းစားဆုံးဖြတ်နေခြင်း။
- ပြောတဲ့စကားကို သေချာနားမလည်မှန်းသိသော်လည်း ပြန်မမေးဘဲ ကိုယ်လိုချင်ရာကိုသာ ဆွဲယူခြင်း။

အခြေံခံနားထောင်ခြင်းနည်းလမ်း သုံး ခု
၁။ ပြိုင်ပွဲ သို့မဟုတ် တိုက်ပွဲ နားထောင်ခြင်း
အခြားသူ၏ အမြင်အယူအဆကို နားလည်ဖို့ သိဖို့ထက် မိမိအယူအဆ မိမိပြောလိုသည်ကိုသာ ဇွတ်ပြောခြင်းကို ဆိုလိုပါတယ်။ ကိုယ်ပြောချင်တာပြောဖို့ အခွင့်အရေးစောင့်ပြီး နားထောင်တာ ဒါမှမဟုတ် သူ့စကားဘယ်တော့မှားမလဲ ဆိုတာ စောင့်ပြီး ကိုယ်ဘက်က ထောက်နိုင်ဖို့ အခွင့်အရးရှာ နားထောင်တာမျိုးတွေဖြစ်တတ်ပါတယ်။ စိတ်ရှည်ရှည်နဲ့ နားထောင်နေတဲ့ ပုံစံပြပေမဲ့ ဘယ်တော့ နှိပ်လို့ရမလဲ၊ ဘာပြန်ပြောရင်ကောင်းမလဲလို့စဉ်းစားနေပြီး ဘယ်လို အနိုင်ယူရမလဲလို့ သာ အကွက်ချောင်း နားထောင်ခြင်းမျိုး ဖြစ်ပါတယ်။

၂။ အေးစက်စက်နားထောင်ခြင်း
ကောင်းကောင်းမွန်မွန်နားထောင်ပါတယ်။ သူတပါးဘာပြောချင်လဲဆိုတာကိုလည်း နားလည်ပါတယ်။ ဒါပေမဲ့ အေးစက်စက်နိုင်လွန်းပါတယ်။ ကိုယ်နားလည်တာ မှန်လားမှားလား ဆိုတာ မသုံးသပ်ခြင်းမျိုးဖြစ်ပါတယ်။ ပြောတဲ့သူကို ဘာမှပြန်မမေးဘဲ၊ ဘာမှ ပြန်မပြောဘဲ တိတ်တိတ်နေခြင်းဖြစ်ပါတယ်။

၃။ ပါဝင်သုံးသပ် နားထောင်ခြင်း
အလွန်အသုံးဝင်ပြီး အရေးပါတဲ့ နားထောင်နည်းဖြစ်ပါတယ်။ ပြောနေတဲ့စကားကို အမှန်တကယ် စိတ်ပါကိုယ်ပါ နားထောင်သလို ပြောနေသူရဲ့ ခံစားချက်တွေ၊ လိုအင်ဆန္ဒတွေ နဲ့ သူ့သတင်းစကားရဲ့ ဆိုလိုရင်းအမှန်ကို သိနားလည် အောင် ကြိုးစားခြင်းဖြစ်ပါတယ်။ ပြီးရင် ကိုယ်နားလည်တာနဲ့ သူပြောတာ တူမတူ ဆိုတာကိုလည်း ပြန်လည် စစ်ဆေး သုံးသပ်ပါတယ်။ ကိုယ်နားလည်သလို ပြန်ပြောပြပြီး သူပြောတဲ့အတိုင်း ဟုတ်မဟုတ်စမ်းစစ်ရပါတယ်။ ဒီလိုနားထောင် ခြင်းက ဆက်သွယ်ရေးကို ပိုပြီးထိရောက်စေသလို မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။

ထိထိရောက်ရောက် ပါဝင်သုံးသပ်နားထောင်နိုင်ဖို့အတွက် အာရုံစိုက်မှုတွေ၊ အားထုတ်မှုတွေအများကြီး လိုအပ်ပါတယ်။ အကျင့်ဟောင်းတွေကို ဖျက်ပစ်ဖို့တော်တော် ခက်ပါတယ်။ နားမထောင်တတ်တဲ့ အကျင့်ကို ဖျက်ဖို့အတွက်လည်း တော်တော်ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ သင့်ဘ၀လှပချင်တယ်ဆိုရင် သင့်ရဲ့ပေါင်းသင်း ဆက်ဆံရေးတိုးတက်ကောင်းမွန်ချင်တယ်ဆိုရင် ခက်ပေမဲ့ ဖြစ်အောင်လုပ်ယူရပါလိမ့်မယ်။ သင်ကောင်းကောင်းနားထောင်တဲ့ အကျင့် မရှိဘူးဆိုရင် သူတပါးပြောတာနဲ့ သင်ကြားတာ အံ့သြဖို့ ကောင်းလောက်အောင် တစ်ခြားစီ ဖြစ်နေတာကို သင်သိလာပါလိမ့်မယ်။ နားမထောင်ခြင်းအတွက် အချိန်မပေးလို့ ပြဿနာများစွာကို အချိန်ပေးဖြေရှင်းရပါလိမ့်မယ်။

Saturday, October 31, 2009

အထီးကျန်နေသောဘုရား


ကျောင်းဆင်းတော့ ညနေ ၆ နာရီ ၄၅ မိနစ်ရှိ ပြီး မှောင်စပြုနေလို့ လမ်းမီး ၀ါဝါတွေ ထိန်နေ ပါပြီ။ ကျောင်းဆောင် ထဲက ထွက်လိုက် တာနဲ့ ဆောင်းဦးရဲ့ ချမ်းချမ်း စိမ့်စိမ့် လေးအေးက မျက်နှာကို ထိတိုက်တဲ့ အခါ အမည်တပ် မရတဲ့ ကြည်နူးမှု တစ်ခု ခံစားခဲ့ ရတယ်။ စာသင်ခန်း ထဲမှာ မွန်းကျပ် ခဲ့ရ သမျှတွေ ပြေပျောက် သွားတယ်။ စာသင်ခန်း ထဲမှာ ဆွေးနွေး ခဲ့ကြတဲ့ ဇီအုန်သမီး အကြောင်း ကတော့ အတွေး ထဲက ထွက်မသွား သေးဘူး။ ပရောဖက်က ဘုရား သခင် လာတော့မယ့် အကြောင်း ဇီအုန် သမီးကို သတိပေး စကား ဆိုတယ်။ “သင့်ရဲ့ကယ်တင်ရှင် သင်ရှိရာ လာလိမ့်မယ်၊ သင့်အတွက် ကယ်တင်ခြင်း ယူဆောင် ခဲ့ပေးမယ် အသင့် ပြင်ထားပါ”တဲ့ . . . ။
ဘုရား သခင်နဲ့ လူတွေရဲ့ ဆက်နွယ် မှုက လူ့သမိုင်း အဆက် ဆက်က ရှိခဲ့ တာပါ။ ဘုရားက လူတွေ ရှိရာကို လာတယ်။ လူတွေက ဘုရား သခင် ဆီကနေ ထွက်ပြေး ကြတယ်။ ဒုက္ခတွေ တစ်ပုံကြီး တွေ့တော့မှ “ဘုရား သခင် ဆိုတာ ရှိရင် ဘာဖြစ်လို့ ဒီလို မကောင်း ဆိုးဝါးတွေ ဖြစ်ရတာလို့” ဘုရားကို အပြစ် စကား ဆိုတယ်။

ဒီအတွေး တွေနဲ့ ခြေခြင်း တိုက်မိအောင် များတဲ့ လူအုပ်ထဲ လျှောက်လာ ဆဲမှာ မှန်တံခါး တစ်ပေါက် ကနေ မီလင်း နေတဲ့ အခန်း ကျယ်တစ်ခု ဘေးရောက် နေတာ သတိ ထားမိ လိုက်တယ်။ အထဲကို ကြည့်မိတော့ ဘုရား ကျောင်းတစ်ခု ဖြစ်နေတာ တွေ့လိုက်တယ်။ ကိုယ်တော်မြတ် စက္ကရမင်းတူး ထုတ်ထား တာလည်း သတိ ပြုမိတာနဲ့ လူတွေ ကြားက ဖြတ်တိုးပြီး ဘုရား ကျောင်းထဲ ၀င်ခဲ့ ပါတယ်။ လမ်းပေါ်မှာ လူတွေ တိုးမပေါက် အောင်များ နေပေမဲ့ ဘုရား ကျောင်းထဲမှာ တိတ်ဆိတ်နေပြီး ခါးကိုင်း နေပြီ ဖြစ်တဲ့ သီလရှင် အိုကြီး နှစ်ပါး ကိုသာ တွေ့ရပါတယ်။

“ဘုရား သခင် အထီး ကျန်နေတယ်” အဲဒီ အတွေးက ကျွန်တော့် ရင်ထဲကို ဘယ်လို ရောက်လာမှန်း မသိ လိုက်ပါဘူး။ ဘုရား ကျောင်း ဘေးမှာ ဖြတ်လျှောက် သွားသူတွေ ၀င်လာဖို့ မစဉ်းစား မိကြ တာလား၊ မစဉ်းစား နိုင်တာ လား၊ မစဉ်းစား တတ်ကြ တာ လား။ ဘုရား သခင်က လူတွေ အလယ်မှာ ရှိနေပြီ၊ ရောက်နေပြီ။ ဒါပေမဲ့ လူတွေ ကတော့ ဖုတ်လေသည့် ငပိ ရှိတယ်လို့တောင် မထင်တတ် ကြတော့ ပါလား။ လင်းလက် နေတဲ့ မီရောင် အေက်က ဘုရား စင်ပေါ်မှာ တည်ရှိ နေတဲ့ ကိုယ်တော်မြတ် စက္ကရမင်းတူးကို ကြည့်ပြီး ကားတိုင် ပေါ်မှာ တွဲလွဲ ကျနေတဲ့ သခင် ယေဇူးကို မြင်ယောင်ပြီး သနား နေမိ ခဲ့တယ်၊ ၀မ်းနည်း နေမိ ခဲ့တယ်။
“ဘုရားသခင် အထီးကျန်နေဆဲပါ”။ “ဘုရားသခင် ကျွန်တော်တို့ အတွက် အသေခံ နေဆဲပါ”