Labels

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, May 22, 2011

အတိတ် … အနာဂတ် မှ ပစ္စုပ္ပန်စီ သို့

အချိန်များစွာ ကျော်လွန်ဖြတ်သန်း

အတိတ်ကိုမှန်းဆလို့လွမ်းကြည့်

မသိခဲ့ခြင်းများစွာကို အခုတော့သိလာ

မရှိခဲ့ခြင်းများစွာက အခုတော့ရှိလာ

လိုချင်တာတွေ မရခဲ့

ရခဲ့တာတွေမလိုချင်ခဲ့

အမှားများစွာလုပ်ခဲ့မိသလို

အမှန်များစွာလည် လုပ်ခဲ့

ရေဆန်ကိုလှန်တက်ခဲ့သလို

ရေစုန်မှာလည်း မျောခဲ့ဘူး

စုန်ဆင်းဆန်တက် ၀ဲဂယက်မှာလယ်

အသိမလွယ်တဲ့ အနာဂတ်ကိုမျှော်ကြည့်

ရင်မောနေမိပေမယ့် .........

မနက်ဖန် စာမေးပွဲဖြေရမယ်။

စာကျက်ဦးမှ .......း-)

Monday, October 11, 2010

ကျေနပ်တတ်ပါရစေ . . .

တစ်ချိန်က ကိုယ့်ကိုယ်ကို ယုံကြည်မှုများစွာနဲ့
ဘာမဆိုငါလုပ်နိုင်တယ်ထင်ခဲ့တယ် . . .။

တစ်ချိန်က ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းများစွာနဲ့
ကမ္ဘာလုံးကို ဘောလုံးတစ်လုံးလို ကန်ပစ်လိုက်ချင်ခဲ့တယ် . . .။

တစ်ချိန်က ကိုယ့်စိတ်ထဲမှာ အတွေးတွေများစွာနဲ့
လောက ကမ္ဘာကို ပြောင်းလဲပစ်မယ်ကြံခဲ့တယ်။

တစ်ချိန်က ကိုယ့်ရင်ထဲမှာ ခံယူချက်ကြီးစွာနဲ့
လူသားတွေ ဘာလုပ်ရမှာလဲ ပြောခဲ့တယ်။

တစ်ချိန်က ငါဟာ ငါ့ကမ္ဘာငယ်လေးထဲမှာ ဘုရင်တစ်ပါးပေါ့
ငါသာ ဇာတ်ဆရာ၊ ငါသာ ဇာတ်လိုက် ငါ က ချင်သလို ကနိုင်ခဲ့တယ်။

တကယ်တော့ . . .
ငါဟာ လူသားလောကကြီးထဲမှာ ဖုန်မှုန့်လေးမှုံ ဆိုတာ မသိခဲ့ဘူး။
သမုဒ္ဒရာကျယ်ကြီးထဲက ရေတစ်စက်မျှသာဖြစ်တယ်ဆိုတာ နားမလည်ခဲ့ဘူး။

ဆားတစ်ပွင့် အဖြစ် အငံဓါတ်ပေး
ပတ်ဝန်းကျင်ကို အလင်းပေမယ့် မီးတိုင်ငယ် အဖြစ်
ကိုယ့်ရှင်သန်ခြင်းခဏကို အသုံးခံလိုက်ခြင်းသာ . . . ငါတတ်နိုင်တာပါ။

တစ်နေ့ကျရင် . . .
ပြဿနာများစွာကို ချန်ရစ်ထားပြီး
ငါဟာ အခြားလူများစွာလို လောကကြီးထဲကနေ ထွက်ခွါသွားရပါလိမ့်မယ်။

Tuesday, August 24, 2010

အရှုံးဟာ အဆုံး မဟုတ်

နွေနေအကြမ်းမှာ
စမ်းရေများစွာ ခမ်းခဲ့သည်။

လေပြေအရမ်းမှာ
ပန်းတွေများစွာ ကြွေခဲ့သည်။

မိုးစက်ကျကြွေ - ဖြန်းပက်လေသော်
အေးမြစမ်းရေ - ပြန်စီးနေ၏
မွှေးပျံ့ပန်းတွေ - ပြန်ပွင့်လေ၏။

ရှင်သန်ခြင်းအနုပညာ

နေမင်း
စင်္ကြာဝဠာ အတွင်းမှာ
သူသာလျှင် အလင်းရှင်။

အမှောင်
နေရောင်ကိုအန်တုပြိုင်
တစ်ဝက်တော့သူနိုင်တယ်။

လူသား
အလင်းနဲ့ အမှောင်ကြားမှာ
ဟန်ချက်ညီစွာ ရှင်သန်တယ်။

အကောင်းနဲ့အဆိုး
အကျိုးနဲ့အပြစ်
အချစ်နဲ့အမုန်း
အဆုံးနဲ့အစ
အကျနဲ့အတက်
အစွန်းနှစ်ဖက်ကြားမှာ
ဟန်ချက်ညီစွာ ရှင်သန်ပါမှ
တို့လူသားဘ၀ ငြိမ်းချမ်းမယ်။

Wednesday, June 2, 2010

ဆန္ဒတစ်ခု


ကြွေပါနဲ့ဦး ပန်းပွင့်ငယ်
လောကအလယ်မှာ
ရနံ့များစွာပေးဝေ
မင်းအလှတွေပွင့်ဖူး
တန်ဆာဆင်ပါဦးကွယ်။

ပွင့်ဝေခြင်းရဲ့ခဏဟာ
လွင့်ကြွေခြင်းရဲ့ အစပါ
သိနေပါလျှက်
ရှိနေစေချင်တာ
ငါ့အတ္တပါ ...

ကြွေပါနဲ့ဦး ပန်းပွင့်ငယ်
လောကအလယ်မှာ
တင့်တယ်စွာ ပွင့်ဝေနိုင်ပါစေကွယ် ။

Saturday, March 6, 2010

ဘ၀ = ဆန့်ကျင်ဘက်



ဝေသောပန်း - ကြွေသောပန်း
အမြဲတမ်းမလန်းနိုင်တာ
ပန်းတို့သဘာဝ . . . ။

မှောင်သောနေ့ - လင်းသောည
ပြောင်းပြန်အချိုးကျတတ်တာ
လောက ဓမ္မတာ . . . ။

ပူသောဆောင်း - အေးသောနွေ
ရာသီတွေလည်းဖေါက်ပြန်
ပုံမှန်ဆိုတာမရှိ . . . ။

မှန်းချက်နဲ့ - နှမ်းထွက်မကိုက်
မျှော်လိုက်တိုင်းဝေးသွား
မမျှော်ထားရင်ရောက်လာ
အလွဲများစွာနဲ့ ငါ့ဘဝ
အဆုံးမဲ့သောစက်ဝန်းမှာ
လွန့်လူးကာလည်ပတ်
. . . . . . . . . . . . . . . . . . . . . ။

Saturday, January 30, 2010

ဒေသ နှင့် အချိန် တို့ အလွန်



ဝေးကွာရခြင်းဆိုတာ
ရုပ်ဝတ္ထုနဲ့သာ တိုင်းတာခြင်းပါ . . .

ပြီးဆုံးသွားခြင်းဆိုတာလည်း
အချိန်ကာလရဲ့ သတ်မှတ်ချက်ပါ . . .

တကယ်တော့ သူငယ်ချင်း . . .
အချစ်ဆိုတာ
နီးဝေးခြင်းမဲ့ကင်းပြီး
ဆုံးခြင်းလည်းမရှိ
ထာဝရထိတည်နေတဲ့ အရာပါ . . .။

“စစ်မှန်သောမေတ္တာတရားရဲ့ အတိုင်းအတာ ဟာ
အတိုင်းအတာမဲ့စွာထားတဲ့ မေတ္တာတရားပါ”

Tuesday, January 26, 2010

ဘယ်သူပိုင်သလဲ



ညရဲ့မှောင်မိုက်ခြင်းက
စိုးရွံ့ထိတ်လန့်မှုတွေ ဖန်တီးတယ် . . . .

ညရဲ့တိတ်ဆိတ်ခြင်းက
အထီးကျန်တဲ့ အတွေးတွေ ဖန်တီးတယ် . . . .

ညရဲ့မှောင်မိုက်ခြင်းက
လင်းလာမဲ့ နံနက်ကို မျှော်လင့်စေတယ် . . . . .

ညရဲ့တိတ်ဆိတ်ခြင်းက
ရှင်သန်ဖို့ စိတ်ကူးတွေ မွေးဖွါးပေးတယ် . . . . .

တကယ်တော့ ပြင်ပအရာထက်
ငါ့ရဲ့အတွင်းစိတ်သာ . . . . အဓိကပါ။

Saturday, January 16, 2010

ငါ့ကောင်းကင်


ငါ့ကောင်းကင်မှာ
တိမ်သားကင်းမဲ့ - ပြာလဲ့ဖူးတယ်

ငါ့ကောင်းကင်မှာ
တိမ်သားထူလျှက် - မည်းနက်ဖူးတယ်

ငါ့ကောင်းကင်မှာ
ကြယ်စင်တွေနဲ့ - လင်းခဲ့ဖူးတယ်

ငါ့ကောင်းကင်မှာ
အလင်းကင်းမဲ့ - မှောင်ခဲ့ဖူးတယ်

ငါ့ကောင်းကင်မှာ
နေမင်းသူရိန် - အရောင်ထိန်တယ်

ငါ့ကောင်းကင်မှာ
အေးမြလမင်း - အလင်းပေးတယ်

ငါကောင်းကင်မှာ
မိုးစက်ရေတွေ - စိုစွတ်နေတယ်

ငါ့ကောင်းကင်မှာ
လေပူတွေအောက် - သွေ့ခြောက်နေတယ်

ငါ့ကောင်းကင်မှာ
ရာသီပေါင်းစုံ - တွေ့ကြုံစုံလည်း
လာသမျှပြောက် - ရာသီအောက်မှာ
ရောက်လာထွက်သွား - ကောင်းဆိုးများစွာ
နောက်ဆုံးမှာတော့ . . . .

ငါ့ကောင်းကင်ဟာ
ကောင်းဆိုးဒဏ်အောက် - မပျောက်မပျက်
ဆက်လက်တည်ရှိ - ထာဝရအထိပေါ့ . . . . .

Saturday, November 21, 2009

စာသင်ခန်းထဲက ငြီးတွားသံ



ဝေး သလိုနဲ့ နီး
နီး သလိုနဲ့ ပျောက်
ပျောက်သလိုနဲ့ တွေ့
တွေ့ သလိုနဲ့ မမြင်
မြင် သလိုနဲ့ မရှင်း
ရှင်း သလိုနဲ့ ရှုတ်
ရှုတ် သလိုနဲ့ သိ
သိ သလိုနဲ့ နားမလည်
နားလည် သလိုနဲ့ေ၀၀ါး
ေ၀၀ါး သလိုနဲ့ ထင်ရှား
ထင်ရှား သလိုနဲ့ မှုန်သွား
မှုန်သွား သလိုနဲ့ ပေါ်လာ
ပေါ်လာ သလိုနဲ့ ဖုံးကွယ်
. . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . .
အသိမလွယ်တဲ့ ဘုရားသခင်ရယ်
ဘယ်တော့မှာ အပြည့်အဝ
သိခွင့်ရနိုင်မှာလဲ . . . ။

Tuesday, November 10, 2009

ဘ၀ခရီး

လေအနမ်းမှာ
ပန်းတွေကြွေနွမ်းတယ် . . .

နေအနမ်းမှာ
စမ်းတွေခြောက်ခမ်းတယ် . . .

သောကလမ်းမှာ
လူတွေဝမ်းနည်းတယ် . . .

လောဘလမ်းမှာ
လူတွေကြမ်းတမ်းတယ် . . .

မောဟလမ်းမှာ
လူတွေလမ်းပျောက်တယ် . . .

ဘယ်လမ်းကိုလျှောက်
ဘယ်ရောက်မှာလဲ
မိတ်ဆွေ . . . သင် ပဲဆုံးဖြတ်နိုင်ပါတယ်။

Thursday, November 5, 2009

စွမ်းအားမဲ့သူပါ . . .



မှောင်သောညလယ်

လမ်းပြကြယ်စင်
ကိုယ်ဖြစ်ချင်လည်း . . .

သေခြင်းဆီသွား
လမ်းမှားများကို
ဖယ်ရှားလိုလည်း . . .

ကိုယ်သည်လည်းမှောင်
အလင်းရောင်မဲ့
သေခြင်းနဲ့ပြိုင်
မနိုင်ဘူးသခင် . . .
ကိုယ်တော်ရှင်သာ ဖေးကူလှဲ့ပါ . . .။